Jun 21, 2022
လုပ်ငန်းခွင်ကို အခုမှစတင်ဝင်ရောက်လာတဲ့သူတော်တော်များများဟာ ကိုယ်လုပ်ငန်းခွင်ရဲ့မနွေးထွေးမှုကြောင့် အမှားများစွာလုပ်မိလေ့ရှိကြပါတယ်။ အခုလို နိုင်ငံရေးအခြေအနေမငြိမ်သက်မှုတွေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အလုပ်ရပ်နားလိုက်ရပြီး Career နယ်ပယ်အသစ်တစ်ခုကို စတင်ရမယ့်သူတွေအတွက် လုပ်ငန်းခွင်နွေးထွေးမှုက အရမ်းအရေးကြီးကြပါတယ်။ ဒါကြောင့် လုပ်ငန်းကိုဦးဆောင်နေရတဲ့သူတွေ ဒါမှမဟုတ် အဖွဲ့ကိုဦးဆောင်နေရတဲ့ Leader တွေက ဒါကိုဂရုစိုက်ပေးဖို့လိုပါတယ်။ ကိုယ့်ရဲ့အဖွဲ့ဟာ အမြဲတမ်းတက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင် အလုပ်ပြီးမြောက်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ထည့်စဉ်းစားပေးဖို့လိုပါတယ်။
၁။ လုပ်ငန်း Vision တွေကို ရှင်းရှင်းလင်းလင်းချမှတ်ပေးပါ။
လုပ်ငန်း vision တွေကို သေချာသိထားမှသာ အတူတူလုပ်ဆောင်ကြတဲ့အခါ ဘယ်ကိုသွားမှာ၊ ဘယ်လိုပုံနဲ့သွားမှာကို သဲကွဲနိုင်ပါမယ်။ သွားရမယ့်လမ်းကြောင်းကို ရှင်းလင်းသဲကွဲနေမှ တစ်ညီတစ်ညွတ်တည်းသွားနိုင်ပါမယ်။ ဥပမာ - ကိုယ်က ဒီလအတွက် Sale Target ကို သိန်းတစ်ထောင်ရရမယ်လို့ ပြောထားရင် ကိုယ့်အဖွဲ့က သိန်းတစ်ထောင်ရစေမယ့်နည်းလမ်းမျိုးစုံနဲ့ အလုပ်လုပ်ကြပါလိမ့်မယ်။
၂။ ကိုယ့်ရဲ့အဖွဲ့ဝင်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသိအောင်လုပ်ပါ။
အားသာချက်တွေကိုအသုံးပြုပြီးအောင်မြင်ခဲ့ရင် ဝိုင်းဝန်းအသိအမှတ်ပြုပေးပါ။ အားနည်းချက်တွေကိုလည်း အဖွဲ့ကဘယ်လို support ပေးလို့ရမလဲ ကြိုးစားကြည့်ပေးပါ။ ကျွမ်းကျင်မှုအတွက် သင်တန်းပေးဖို့လိုနေပြီလား၊ ကျန်းမာရေးအတွက် နားချိန်ပေးဖို့လိုအပ်နေပြီလား၊ Time Management အတွက် ကူညီပေးဖို့လိုမလား ဆိုတာတွေကြည့်ကြည့်ပါ။
၃။ ကိုယ့်ရဲ့အဖွဲ့အစည်းမှာ အတင်းအဖျင်းပြောတာတွေတားမြစ်ပါ။
တစ်ယောက်နဲ့တစ်ယောက်ကြား နောက်ကွယ်ကအတင်းအဖျင်းပြောနေတာက စည်းလုံးမှုပျက်ပြားစေတဲ့အပြင် စိတ်ဓါတ်ကိုပါရိုက်ချိုးပစ်စေနိုင်ပါတယ်။ လုပ်ငန်းခွင်တွင်း နွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်တဲ့အခါ အတင်းအဖျင်းပြောတာက အလွန်အနှောင့်အယှက်ဖြစ်စေပါတယ်။ အချင်းချင်းအပြုသဘောမဆောင်တဲ့ အတွေးတွေကိုရှင်းထုတ်ပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်ကဝိုင်းဝန်းကူညီအားဖြည့်ပေးရင်း ကောင်းမွန်သန့်ရှင်းတဲ့စိတ်ဓါတ်နဲ့ ကိုယ့်အဖွဲ့အစည်းမှာကြိုးစားနေထိုင်ပေးပါ။
၄။ ကိုယ်ကအကောင်းဆုံးနားထောင်တတ်သူ ဖြစ်ပေးပါ။
ကိုယ့်ရဲ့အဖွဲ့ဝင်တွေရဲ့ ရင်ထဲကပြောချင်နေတဲ့စကားတွေကို လေးလေးစားစားနားထောင်ပေးပါ။ ဘာပြောပြချင်တာလဲ၊ အခက်အခဲကဘာလဲ၊ လူမှုရေးအခက်အခဲရောရှိနေလား၊ မိသားစုအတွက်ရော စိတ်ပင်ပန်းနေလား စတာတွေကို ရင်ထဲကနေကိုယ်ချင်းစာစိတ်လေးနဲ့ လက်ခံနားထောင်ပေးကြည့်ပါ။
၅။ ပံ့ပိုးပေးမှုနဲ့ကာကွယ်ပေးနိုင်မှု လုပ်ပေးပါ။
ကိုယ့်အဖွဲ့အတွင်းမှာရှိတဲ့သူတွေရဲ့ စိတ်ကူးအတွေးအမြင်ကို သေချာနားထောင်ပေးပါ။ အောင်မြင်ပြီးမြောက်သွားတဲ့အလုပ်တိုင်းကို ဂုဏ်ပြုပေးပါ။ တိုးတက်ဖို့ ရှေ့ဆက်သွားနိုင်အောင် အားပေးတွန်းပို့ပေးပါ။ လုပ်ရပ်အပေါ် တိုက်ရိုက် Feedback ပေးပေးပါ။ လိုအပ်တဲ့အခါ အကြံပေးရင်းပံ့ပိုးမှုပေးပါ။ လုပ်ငန်းခွင်အခက်အခဲဖြစ်လာရင် လက်ရှိဖြစ်နေတဲ့အနေအထားကိုဆန်းစစ်လေ့လာပြီး အန္တရာယ်ရှိလာနိုင်မှုကိုလည်းတွေးဆပေးပါ။ လိုအပ်လာရင် အတူတကွဝိုင်းဝန်းကာကွယ်ပေးရပါမယ်။
၆။ အခြားသူတွေအတွက် ပျော်ရွှင်ပေးပါ။ သူတို့နဲ့မဟာမိတ်ဖွဲ့ပါ။
အခြားသူတွေရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုချီးကျုးပေးပါ။ အခြားသူတွေရဲ့အောင်မြင်မှုက ကိုယ်ရဲ့ဆုံးရှုံးမှုလို့မမြင်ပါနဲ့။ ကိုယ်ရဲ့ပြိုင်ဘက်နဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း နေပါ။ ယှဉ်ပြိုင်လာရင် ကိုယ်ကအကောင်းဆုံးကြိုးစားပေးပါ။
၇။ စစ်စစ်မှန်မှန်ဆက်ဆံပေးပါ။
ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အပေါ် စစ်စစ်မှန်မှန်ဆက်ဆံပေးပါ။ ကိုယ်ကသူတို့နဲ့အလုပ်လုပ်ရတာအဆင်ပြေတယ်ဆိုရင် တကယ်အဆင်ပြေကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပေးပါ။ ကိုယ်ကသူတို့ဆီမှာမကြိုက်တဲ့အချက်ပါရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြနိုင်ရပါမယ်။ ဒါမှသာ ပွင့်လင်းမြင်သာတဲ့ဆက်ဆံရေး တည်ဆောက်နိုင်မှာပါ။
၈။ အတိတ်ဆိုးတွေစွန့်လွှတ်ပြီး ကောင်းသောစိတ်နဲ့ရှေ့ဆက်ပါ။
အလုပ်လုပ်နေရင်း တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ငြင်းခုံမှုတွေရှိလာရင်လည်း အလုပ်သဘောအရ ရပ်တည်ချက်ချင်းမတူလို့ဖြစ်ကြတာလို့ တွေးပေးနိုင်ရပါမယ်။ ကိုယ့်ရဲ့လူမှုရေးခင်မင်မှုမှာပါ အဆင်မပြေတာမျိုးမဖြစ်ပါစေနဲ့။ သူနဲ့ကိုယ်နဲ့ ဘယ်လိုယှဉ်ပြိုင်မှုမျိုး၊ ငြင်းခုံမှုမျိုးရှိပါစေ အားလုံးကိုစွန့်လွှတ်ပြီး ကောင်းတဲ့စိတ်၊ ကူညီပေးနိုင်တဲ့စိတ်နဲ့သာ ရှေ့ဆက်လက်တွဲကြရပါမယ်။
ဒီလိုနွေးထွေးတဲ့စိတ်ဓါတ်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်းမှာ ကျင့်ကြံနေထိုင်လာပြီဆိုရင် အလုပ်ခွင်မှာ နွေးထွေးတဲ့အဝန်းဝိုင်းလေးကို တည်ဆောက်လို့ရနိုင်ပါတယ်။
စာဖတ်သူရဲ့ဘဝမှာရော အခုပြောပြထားတဲ့အချက်လေးတွေနဲ့ကိုက်ညီခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံလေးတွေရှိခဲ့ရင် ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။